Monday, 20 October 2014

ပညာ သင်ကြားမှုနှင့် ပက်သက်လို့ မှတ်စရာတွေ




ပညာရှာ ပမာ သူတောင်းစား

ယင်း စကားပုံဟာ အင်မတန် မှန်ပါတယ်။ ပညာလိုချင်တဲ့ သူဟာ သူတောင်းစား တစ်ယောက် လိုပဲ အစာ ငတ်သလို၊ ပညာငတ်နေရမယ်။ လမ်းသွားလမ်းလာ လူတွေဆီကနေ ခခယယ တောင်းနေရ သလိုပဲ အခြေအနေ အချန်ခါပေါ် မူတည်ပြီး ရိုသေသင့်ရင် ရိုသေရမယ်။ သူတောင်းစား တစ်ယောက်လိုပဲ မိမိကိုယ်ကို နိမ့်ချသင့်ရင်လည်း နိမ့်ချရပါမယ်။

ပြည့်နေတဲ့အိုး ရေမဝင်

အိုး တစ်လုံးမှာ သဲတွေနဲ့ ပြည့်နေရင် ရေဘယ်လောက် ဖြည့်ဖြည့် ရေမဝင်တော့ ပါဘူး။ ဝင်လည်း အနည်းငယ်ပါပဲ။ ဒီလိုပါပဲ။ ပညာရှာ သင်ယူနေတဲ့ အခါ မာနတွေ ဖြည့်ထားရင် မိမိခေါင်းထဲ ဘာပဲ ထည့်ထည့် မဝင်တော့ ပါဘူး။ ဥပမာ သင် Personal အရ ကြည့်မရ၊ အမြင်ကပ်တဲ့ ဆရာတစ်ယောက် ဆီနီယာ တစ်ယောက်က ပြောရင် သူဟာ ငါအထင်ကြီး လေးစားတဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူဟာ လူမူရေးအရ ဖောက်ပြနေတဲ့ သူ အစရှိသဖြင့် မလိုလားတဲ့ အချက်အလက်တွေ ခေါင်းထဲမှာ ထည့်နေရင် ပညာမရတော့ ပါဘူး။ ကိုယ်လိုချင်တဲ့ ပညာ တစ်ခု သူ့ဆီမှာ ရှိရင် ရန်သူ ဖြစ်နေလည်း ဒူးထောက်သင့်ရင် ထောက်ရပါမယ်။ ဒါကြောင့်မို့ အိုးမှာ ဘာ မလိုအပ်တဲ့ ပစ္စည်းတွေနဲ့၊ (မနာ၊ အတ္တ၊ အမုန်း၊ အာကာသ) များနဲ့ ထည့်မထားဖို့ လိုအပ် ပါတယ်။

ပညာလို အိုသူမရှိ

အချို့က ငါအသက်ကြီးပြီလေ။ ဒီပညာတွေ ငါမလေ့လာနိုင်တော့ ပါဘူးလို့ အကြောင်းပြ ချက်ပေးပြီး ရပ်နားသွားကြတယ်။ အချိုက ကျောင်းပညာ သင်ပြီး ထပ်လေ့လာစရာ မလိုတော့ ဘူးလို့ သင်ယူလေ့လာမှုကို ရပ်တန့်ကြပါတယ်။ ဒါဟာ မိမိကို အသက်မွေး ဝမ်းကျောင်း ပညာရပ်မှာ အဆင့်အနေအထား တစ်ခုကနေ နောက်တစ်ခုကို မရောက်အောင် ရပ်တန့် သွားစေတဲ့ အဟန့်အတား ပါပဲ။

ဥာဏ်မယှဉ်တဲ့ ပညာ

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အတတ်မွေးဝမ်းကျောင်း ပညာတွေ၊ စာတွေ တတ်တတ် ဥာဏ်မယှဉ်ရင် အလကားပါပဲ။ ယင်း ဥာဏ်ဆိုတာ အမှန်အမှား ခွဲခြားနိုင်တဲ့ ဆင်ခြင်တုံ တရား (Universal truth) ဖြစ်ပြီး ဗုဒ္ဓဘာသာ မှာဆိုရင် သစ္စာလေးပါးကို သိမြင်နိုင်တဲ့ ဥာဏ်ဖြစ်ပါတယ်။ ဆိုလိုရင်းက အချို့ဟာ တီထွင် ဆန်းသစ်နိုင်ကြပါတယ်။ ဒါပေမယ့် ယင်းပညာကို ပြန်လည် အသုံးချတဲ့အခါ လောကကောင်းကျိုးမဟုတ်ပဲ ဖျက်ဆီးနေကြတာမျိုး ဖြစ်ပါတယ်။ အချို့က ပညာတော်ကြတယ်။ အသက်မွေးကြတယ်။ ဒါပေမယ့် မိဘကို ပြန်လည်မကြည့်ရှုတာတို့၊ ဘာသာရေး ယုံကြည်ကိုးကွယ်မှုမရှိ၊ အကုသိုလ် ပြုလုပ်နေတာတို့ ဖြစ်ပါတယ်။ ဒါတွေဟာ ဥာဏ်မယှဉ်တဲ့ ပညာတွေ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်ရပါမယ်။

ပညာရွှေအိုး လူမခိုး၊ ပညာရဲရင့် ပွဲလယ်တင့်

စာရေးသူမှာ ယုံကြည်ချက် တစ်ခု ရှိပါတယ်။ ယင်းယုံကြည်ချက်က ယခုချိန် ငါခြေဗလာ၊ လက်ဗလာ ဖြစ်သွားရင်တောင် ယခုအနေ အထားထက် ပိုသာတဲ့ အဆင့်အနေအထား တစ်ခုကို ပြန်ရောက်အောင် ကြိုးစားနိုင်ကြောင်း ယုံကြည်ပါတယ်။ ဒါဟာ ပညာရဲရင့် ပွဲလယ်တင့် ခြင်း ဆိုသလို confidence ရှိတာကို ပြသပြီး ပညာရွှေအိုး လူခိုးလို့မရတဲ့ ဥပမာ ကိုလည်း ဆောင်ပါတယ်။ လူတို့ရဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ စည်းစိမ်များ ပျက်ဆီးနိုင်ပါတယ်။ အမြဲ သင်ကြား လေ့လာ၊ ဆည်းပူးခဲ့ဖူးတဲ့ ပညာများ ကတော့ ဘယ်သူမှ ခိုးလို့ မရ ပါဘူး။

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ

နာ၊ ကြံ၊ မေး၊ ပြော၊ စုံစမ်း၊ စာရေး၊ လေ့ကျင့်၊ နှုတ်ငုံစောင် အတွက် ရှင်မဟာရဌသာရ ရဲ့ ထုံးကို နှလုံးမူဖို့ လိုအပ် ပါတယ်။ စာကို ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးဖို့ လိုအပ်တာလည်း ရှိကောင်း ရှိပါလိမ့်မယ်။ အချို့က စာကျက်တာ ဟာ ပညာမဟုတ်ဘူးလို့ ဆိုပါတယ်။ အမှန်တော့ ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးလို ကျက်လည်းကျက်၊ တကယ်လည်း နားလည် သိထားမှ ဘဝအတွက် အကျိုးရှိကြောင်းကို လက်တွေ့ကြုံမှ သိပါလိမ့်မယ်။

ဘဝဟာ ထာဝရကျောင်း

ဘဝဆိုတာ ထာဝရ ကျောင်းတော်ကြီး ဖြစ်ပါတယ်။ စာအုပ်ထဲမှာ သင်မှ ပညာ မဟုတ်ပါဘူး။ ကျောင်းပြီး သွားတိုင်း ပညာမပြီးဆုံးပါပဲ။ ဘဝကျောင်းတော်ကြီးမှ သင်ကြားစရာတွေ အင်မတန် ပြည့်နက်နေ ပါတယ်။ ဘဝကို သတိလက်လွတ် မနေမိပါစေနဲ့။ တစ်စက္ကန့် တိုင်းမှာ၊ နေ့ရက်တိုင်းမှာ မိမိအတွက် သင်ခန်းစာ ရစရာ လေးတွေ အများကြီး ရှိပါတယ်။ အမှားတွေ ကနေ အမှန်ကိုလည်း ပြုပြင်ကောင်း ပြုပြင် တတ်လာမယ်။ ဆက်တိုက်လည်း မှားကောင်း မှားမယ်။ ဘဝဆိုတဲ့ ထာဝရကျောင်းတော်မှာ စာမေးပွဲ မဖြေရပေမယ့် အနိုင်အရှုံး ကတော့ အမြဲ ရှိပါတယ်။
 
အောင်ခမ်း (ရိုးရာလေး) 

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...