ဥရောပတိုက်မှာ အီဘိုလာပိုး မပျံ့နှံ့အောင် လုပ်ဆောင်ဖို့ မလွယ်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
အာဖရိကကို မသွားပဲ စပိန် သူနာပြု တစ်ဦး ရောဂါ ကူးစက် ခံရသလို တခြား လူလေးဦး ကိုလည်း ဆေးရုံ တင်ထားရပြီးနောက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောလိုက် တာပါ။
စောင့်ကြည့် ခံရသူတွေထဲမှာ ရောဂါပိုးရှိနေတဲ့ သူနာပြုမ အပြင် သူမရဲ့ ခင်ပွန်းသည်လည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ခင်ပွန်းသည်မှာ အီဘိုလာ ရောဂါ လက္ခာဏာ မတွေ့ရသေးပါဘူး။
အဲဒီ သူနာပြုမဟာ အာဖရိကတိုက်ကနေ ပြန်လည်ရောက်ရှိလာသူ ခရစ်ယာန် သာဿနာပြုတွေကို အီဘိုလာရောဂါ ကုသပေးရင်း ကူးစက်ခံခဲ့ရတာပါ။
အကာအကွယ်တွေ သုံးတဲ့ကြားက ဘယ်လို ကူးစက်သလဲဆိုတာကို မသိကြတဲ့အတွက် ကာကွယ်ရေးအပိုင်းနဲ့ ပတ်သက်ပြီး စပိန်နိုင်ငံရဲ့ လုပ်နည်းလုပ်ဟန်ကို ရှင်းပြဖို့ ဥရောပသမဂ္ဂက အပူတပြင်း စုံစမ်းမှုတွေ လုပ်နေပြီး စပိန်အစိုးရကို ဖိအားပေးနေကြပါတယ်။
သူနာပြုမနဲ့ ပြောဆိုဆက်ဆံဖူးသူ လူ ၂၂ ယောက်ကိုလည်း စပိန်အာဏာပိုင်တွေက စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်နေပေမယ့် သီးသန့် ထိန်းသိမ်းထားတာမျိုး မဟုတ်ပဲ တစ်ရက်ကို နှစ်ကြိမ် အပူချိန် တိုင်းပေးတာမျိုးသာ ဖြစ်ပါတယ်။
အီဘိုလာ ရောဂါဟာ ၂၁ ရက် ကြာတဲ့အထိ ရောဂါပျိုးနေတတ်တဲ့အတွက် ၂၁ ရက်ကြာ စောင့်ကြည့် စစ်ဆေးလေ့ရှိပါတယ်။
အမေရိကန်နိုင်ငံကလည်း ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော်ကို အသုံးပြုပြီး အီဘိုလာပိုး တိုက်ဖျက်ဖို့ ကြိုးစားနေပါတယ်။
အမေရိကန် စစ်သား အယောက်ပေါင်း ၄၀၀၀ နီးပါးက လိုင်ဘေးရီးယားနိုင်ငံကို သွားရောက်နေပါတယ်။
ရွှေ့ပြောင်းစမ်းသပ်ရေး စခန်း အတွက် အဖွဲ့ သုံးဖွဲ့ကတော့ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး နောက်နှစ်ဖွဲ့ကလည်း မကြာခင် သွားရောက်ဖို့ရှိပါတယ်။
အမေရိကန်ရဲ့ ရည်ရွယ်ချက်က ရောဂါကူးစက်ခံရသူ ၇၀% ကို ကုသရေးဌာန ပို့ဆောင်နိုင်ဖို့ဖြစ်ပြီး အဲလို လုပ်ဆောင်နိုင်မယ်ဆိုရင် ရောဂါကို ထိန်းသိမ်းနိုင်မယ့်အခြေအနေ ရောက်ရှိသွားမယ်လို့ ပြောပါတယ်။
အမေရိကန်အဖွဲ့အနေနဲ့ တစ်နှစ်လောက်ကြာတဲ့အထိ လုပ်ငန်းလုပ်ဆောင်ဖို့ရှိကြောင်း Michael Vincent က သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-08/1376709
![]() |
စပိန်နိုင်ငံ မက်ဒရစ်မြို့ ဆေးရုံမှာ အီဘိုလာ ကူးစက်ခံရသူ သူနာပြုကို စောင့်ရှောက်ထား (Credit: Getty Images) |
No comments:
Post a Comment