Saturday, 11 October 2014

မြွေကိုပြပြီး ဘုရားတည်၊ တံတားဆောက်ဖို့ဟုဆိုကာ အလှူခံမှု များလာ


ဘုရားပွဲများ၊ ဈေးပွဲများတွင် ဘုရားတည်ရန်၊ တံတားဆောက်ရန်ဟုဆိုကာ မြွေပြပြီး
အလှူခံယူမှုများ တွေ့မြင်လာရသည်။
““ဘဘတို့က ကိုယ်လည်းစားတယ်၊ မြွေတွေ
ကိုလည်းကျွေးတယ်။ သာသနာလည်း ပြုတယ်။
 တံတားဆောက်ပြီးပြီ။ ပဲခူးမှာ မြွေတံတားဆို


ရင် လူတိုင်းသိတယ်။ ဘုရားတည်ဖို့ လိုသေးတယ်။ သာသနာပြုမယ်””ဟု မြွေဘိုးတော်ဟုဆိုသူ ဦးမြင့်လွင်က ပြောသည်။

ယင်းနှင့် ပတ်သက်၍ ““ပဲခူးမှာ ဘယ်မြွေတံတားမှ မရှိ ဘူး။ မကြားမိပါဘူး။ အလှူခံတဲ့လူတွေက ဒီလိုပဲပြောကြတာပါပဲ””ဟု ပဲခူးမြို့ဒေသခံသတင်းထောက်ဖြစ်သူ ဦးမိုးမြင့်လွင်က ပြောသည်။
မြွေလိမ္မာပြ၍ မြို့နယ်များ၊ ဈေးများတွင် လှည့်လည်ပြသအလှူခံနေခြင်းများ မကြာခဏ တွေ့ကြုံနေရခြင်း ဖြစ်သည်။

မြွေလိမ္မာဖြင့် အလှူခံ၍ သာသနာပြုရန် ပဲခူးတိုင်းဒေသကြီးမှ လာရောက်ပြီး ပဲခူးတွင် တံတားတစင်း တည်ဆောက်ပေးပြီးပြီဖြစ်ကြောင်း မြွေဘိုးတော်က ပြောသည်။

““ကျွန်တော်တို့တော့ မကြားမိဘူး ဗျ။ မြွေဘုရားတော့ ပဲခူးမှာရှိတယ်။ အဲဒီ မှာလာရောက်တဲ့ ဘုရားဖူးတွေဆီ အလှူခံ တာရှိတယ်””ဟု ပဲခူးဒေသခံ ကိုမျိုးကြီးက ပြောသည်။

မြွေလိမ္မာ(၅)ကောင်ပါရှိပြီး အသက်အရွယ်များမှာ ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ် အရွယ်များဖြစ်ကြပြီး ယင်းတို့အား နွားနို့၊ ကြက်ဥနှင့် ငါးတို့ကို ကျွေးမွေးရကြောင်း တနေ့ကုန်ကျစရိတ် တကောင်လျှင် ၄ ထောင်ကျော်ဖြင့် ၂ သောင်းကျော်ကုန်ကျကြောင်း ဦးမြင့်လွင်က ပြောသည်။

မြွေလိမ္မာများ၏ ကျန်းမာရေးကိစ္စသည် ယင်းတို့ ၀မ်းသွားသည့်အပေါ်မူတည်၍ ပြုလုပ်ပေးရကြောင်း ၎င်းကရှင်း ပြသည်။

““၀မ်းပျော့ရင် ပျော့သလို၊ မာရင် မာသလိုပေါ့။ အားဆေးတွေ တိုက်ရတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြရတယ်။ တခါပြရင် တသောင်းကျော်လောက်ကုန် ပါတယ်””ဟု ၎င်းက ဆိုသည်။

၂၀၀၃ ခုနှစ်မှစတင်၍ ဈေးများ၊ ဘုရားပွဲတော်၊ ဈေးပွဲတော်များတွင် မြွေလိမ္မာဖြင့်အလှူခံပြီး တနေ့ ၅ သောင်း ကျပ်ဝန်းကျင်ရရှိကြောင်း၊ ပွဲရက်မရှိလျှင် မရကြောင်း ၎င်းက ပြောသည်။

လင်းလင်းအောင်

News Watch Journal

No comments:

LinkWithin

Related Posts Plugin for WordPress, Blogger...